ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခဲ့ရင်
ကြွက်တက်တယ်ဆိုတာက ရုတ်တရက် ခြေသလုံးကြွက်သားတွေနဲ့ ခြေထောက်ထဲက စူးခနဲ နာကျင်တာပါ။ ကြွက်သားတွေက တင်းတင်းကြပ်ကြပ် ကျုံ့လာသလို ခံစားမှုပါ။ ညဘက်တွေမှာ အဖြစ်များပြီး ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးလတွေမှာ အဖြစ်များပါတယ်။ တော်တော်လေး နေရထိုင်ရ ခက်ပြီး ဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ သိဖို့ တော်တော်လေး ခက်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် မှာ ဘာလို့ ကြွက်တက်ရတာလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်တာက တစ်ယောက် နှစ်ယောက်တည်းမှာဖြစ်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင် မေမေတော်တော်များများမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။
- ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်ရတာက ဒီအချက်တွေကြောင့်လို့ ယူဆကြပါတယ်။
- ကိုယ်ဝန်ဆောင်နေရတာကြောင့် အလေးချိန်ပိုတွေကို ထမ်းပိုးထားရတာ
- ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲသွားတာ
- ဗီတာမင် ချို့တဲ့တာ
- လှုပ်ရှားမှု များလွန်းတာ
- လှုပ်ရှားသွားလာမှု မရှိတာတွေကြောင့်လို့ပေါ့။ အကြောင်းအရင်း တိတိကျကျကို အခုထိ အဖြေထုတ်ဖို့ ခက်နေဆဲပါ။
ခြေထောက်မှာ ကြွက်တက်ရတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးစီးဆင်းမှု ပုံစံ ပြောင်းလဲသွားတာကြောင့် ဖြစ်နိုင်သလို ဗိုက်ထဲ့ ရင်သွေးလေး ကြီးထွားဖွံ့ဖြိုးလာတာက ခြေထောက်ကြွက်သားတွေမှရှိတဲ့ အာရုံကြောတွေနဲ့ သွေးကြောတွေကို ဖိမိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ် နည်းတာတွေကြောင့် ကြွက်တက်တာလို့ ကျွန်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခဲ့ရင် သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်ခဲ့ရင် သက်သာစေဖို့အတွက်
- ခြေသလုံး ကြွက်သားတွေကို အကြောလျှော့ပါ။ ညအိပ်ရင်း ကြွက်တက်တတ်ရင် အိပ်ရာမဝင်ခင် အကြောလျှော့ပါ
- ကြွက်တက်နေချိန်မှာ ခြေထောက်ကို ဆန့်ထားပါ။ ခြေချောင်းလေးတွေကို ချိုးပါ။ ခြေသလုံး ကြွက်သားတွေ ပြေလျော့စေဖို့ ခပ်ဖွဖွလေး နှိပ်ပေးပါ
- ပုံစံ တစ်မျိုးထဲမှာ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်တာ၊ ထိုင်တာမျိုး မလုပ်ပါနဲ့။ နည်းနည်းလောက် လှုပ်လှုပ်ရှား လုပ်ပေးပါ
- ခြေချိတ်မထိုင်ပါနဲ့။ ခြေထောက်သွေးစီးဆင်းတာကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့်ပါ
- ရေများများသောက်ပါ။ ကြွက်သားတွေ ရေဓာတ်ပြည့်ဝစေဖို့ပါ
- ညဘက် အိပ်ရာမဝင်ခင် ရေချိုးပါ
- ခြေထောက်ကို ရေနွေးစိမ်ပါ
- ရေနွေးအိတ် ကပ်ပေးပါ။
ဘယ်လို အခြေအနေမှာ ဆေးခန်းပြမလဲ?
ကြွက်တက်တာက မိနစ်ပိုင်းအတွင်းမှာ သက်သာသွားတတ်ပါတယ်။ တကယ်လို့
- ခြေထောက်က နီရဲ ရောင်ရမ်းနေမယ်။ တင်းတင်းတောင့်တောင့် ဖြစ်နေမယ်။ နွေးနေမယ်ဆိုရင်
- လမ်းလျှောက်ရ ခက်နေမယ်ဆိုရင်
- ကယ်လ်ဆီယမ် ဖြည့်စွက်အာဟာရ သောက်သုံးဖို့ လိုအပ်နေပြီလို့ ယူဆရင် နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။
ရေးသားသူ - မွန်မွန်